gossip

အတင်းလား ပြောပါဦး

ဒေါ်ခင်နုတစ်ယောက် ရွာလမ်းဆုံက ဈေးဆိုင်တစ်ဆိုင်ကိုဝင်တော့ အသံဗလံတစ်ချို့ကြားရတယ်။ သတင်းလိုလို အတင်းလိုလို ဘာတဲ့ သီတာယောက်ျားယူတော့မယ် ဆိုလား။ ဘယ်သူ့ဆီကထွက်လာတဲ့စကားမှန်းမသိပေမယ့် ဟုတ်မဟုတ်စဉ်းစားစရာမလို လူတွေပြောနေတာအမှန်ပဲပေါ့။ မမှန်လဲ ဘာအရေးလဲ ကိုယ်နဲ့ဘာဆိုင်တာမှတ်လို့။ အချိန်တန်ရင် နောက်သတင်းတစ်မျိုးထွက်လာမှာ။ ပြောစရာတစ်ခုရရင်ပြီးတာပဲ။

ဒီရွာရဲ့ဓလေ့ထုံးစံအတိုင်း လူစုစုရှိတဲ့ ဈေးဆိုင်လိုနေရာမျိုး၊ ကောက်စိုက်ကွင်းလိုနေရာမျိုး၊ ဟင်းရှာရာနေရာမျိုး လူနှစ်ယောက်နဲ့အထက်ရှိရင်ကို အတင်းပြောလို့ရပြီ။ နောက်ဆုံး ဥပုသ်စင်ပါမကျန် အတင်းပြောကြတာ။ တစ်ချို့အကြောင်းအရာမျိုးကို ဘုန်းကြီးကိုတောင် ပြောပြရသေးတာ။ ဘုန်းကြီးကိုဆိုတော့ သတင်းပေးတယ်ပဲ ထားလိုက်ပါတော့လေ။

ဒေါ်ခင်နုကလည်း အတင်းပြောတာ ဝါသနာပါလွန်းလို့တော့ မဟုတ်ပါဘူး။ သူများပြောတာလေးတွေနားထောင်ရင်း ကိုယ်ထင်တာပြန်ပြောရုံလောက်ပဲဟာ။ ကိုယ်က ရွာကလူတွေ အလေးပေးရတဲ့ ရွာမျက်နှာဖုံး၊ အများတကာတို့ရဲ့အကြွေးရှင် ကျေးဇူးရှိသူဆိုတော့ ဘယ်ဝိုင်းဖြစ်ဖြစ်နေရာပေးခံရ၊ အကြွေးတောင်းထွက်ရင်း သတင်းစုံကြားရတာတော့ မဆန်းပါဘူးလေ။

မှန်းစမ်း ခုနက သူတို့ပြောနေကြတဲ့ သီတာ့အကြောင်းပြန်ပြောရဦးမယ်။ ဟိုတစ်လောကလည်း ကြားလိုက်မိပါရဲ့။ ရန်ကုန်မှာ အိမ်သုံးအိမ်ပိုင်နေပြီဆိုလား။ တစ်ချို့လည်းပြောတယ်။ အဲဒီကောင်မ ဘယ်လောက်ပိုက်ဆံရှိလို့ အိမ်ဝယ်နိုင်မှာလဲ မထင်ပါဘူးအေတဲ့။ ဟုတ်လားလို့ သူတို့အိမ်ကလူတွေကို မေးကြည့်တော့လည်း မသိဘူးဆိုတဲ့စကားသာ အဖြေရတာပဲ။ သူတို့အိမ်ကလူတွေ အသုံးမကျလိုက်ပုံများကလည်း သီတာလစာဘယ်ရမှန်းလဲမသိ၊ ဘာဝယ်မှန်းလဲမသိ၊ ရွာကလူတွေပြောတာ ပြန်ယုံရမလိုကြီး။

တကယ်က ဒီကောင်မလေးသီတာကို အထင်သေးလို့မရဘူး။ အတိအကျတော့ မသိပေမယ့် သူကောင်းစားနေတာတော့ သေချာတယ်။ ကြာမှတစ်ခါ ရွာကိုပြန်လာတယ်။ သဌေးတွေပေးတဲ့အလှူမျိုးလုပ်တယ်။ သူ့မှာ ပိုက်ဆံဘယ်လောက်ရှိလဲ၊ ဝင်ငွေဘယ်လောက်ရလဲ တစ်ယောက်မှ မမေးရဲကြဘူး။ မြို့ကြီးမှာနေရလို့ သန့်ပြန့်နေတာကလွဲရင် သူ့ကိုယ်မှာ ဘာရွှေငွေမှလဲမရှိဘူး။ ပွဲနေ့တွေမှာတော့ ဆွဲကြိုးမျှင်မျှင်လေးတစ်ကုံး ဆွဲထားတာတွေ့ပါရဲ့။ ဒီလောက်ကတော့ လူတိုင်းရှိတာပဲ။ ဘာကိုကြည့်ပြီး သဌေးလို့ပြောရမှန်းမသိအောင်ပါပဲ။ သူ့မောင်နှမတွေလည်း အရင်လိုထူးမခြားနား စုတ်ချာတာပါပဲ။ ဘယ်လိုနားလည်းရမှန်းကို မသိပါဘူး။

အဲဒီလိုပါပဲ။ ဒီကောင်မလေးအကြောင်းက စိတ်ဝင်စားစရာကောင်းပေမယ့် အတိအကျတော့ ဘယ်သူသိမလဲ။ ကိုယ်သိတာက သူ ပညာတတ်ကြီးဖြစ်ပြီး နိုင်ငံခြားရောက်၊ ပိုက်ဆံအများကြီးရပြီး ကောင်းစားနေတယ်ဆိုတာလောက်ပဲ။ သိပ်မကြာသေးခင်ကပဲ သူ့တူကို ကားတစ်စီးဝယ်ပေးထားတာတွေ့တယ်။ မတန်မရာပါအေ။ ကားနဲ့ပနံရအောင် တင့်တယ်တဲ့ အဆောင်အယောင်မျိုး ရှိတာလည်းမဟုတ်ပဲနဲ့။ အို ဒါဆို သူ့မှာ ကားဘယ်နှစ်စီးတောင်ရှိလို့လဲ။

လက်တို့လိုက်ကြဦးနော်:
0
0

Pages: 1 2

Leave a Reply

Facebook
Google+
http://www.thesweetdiary.com/?p=1013">