hell

သံသရာကြွေး

ကျနော်သည် ညနေလေးနာရီမှ စပြီး မနက် ၂နာရီခွဲ တိုင်အောင် အလုပ်လုပ်ရသည် … သမုဒ္ဒယာ ၀မ်းတထွာဟုဆိုသည် မဟုတ်ပါလား … အသက်အရွယ်ကလည်း ခပ်ငယ်ငယ် မဟုတ်တော့ တခါတရံ ပန်းလှသည် … သို့သော် မိသားစု အရေး တွေးပြီး ဖင်နာ ခေါင်းကိုက် ချောင်းဆိုးခြင်းတောင် မတွေးရဲ … ဖြစ်ရဲဖို့တော့ ဝေလာဝေး … မိမိ မကျွမ်းကျင်ရာ ၀န်းကျင်မှာ ရှင်သန် ကျက်စားကြရသော ကျနော်တို့ ဘ၀ကို ကျနော်တို့သာအသိဆုံးဖြစ်သည် … ကိုယ်ကျွမ်းကျင်ရာ မိခင် ဘာသာစကားကိုလည်း မသုံးနိုင် ကိုယ်နေထိုင်ခဲ့ဘူးရာ အမိဌာနေက ယဉ်ကျေးမှုလည်းမတူလေသော ဒေသမို့ မြင်မြင် သမျှကို မျက်နှာချိုသွေးရသည်မှာလည်း မျက်နှာကိုပင် ပုရွက်ဆိတ် တက်လုမတတ် … ဒီကြားထဲ လူမှုရေးဆိုသော ကာလနာကြီးက တမှောင့် … အဲဒီလူမှုရေးဆိုတာကြီးဖြင့် ကျနော်လည်း ခပ်မျော့မျော့ မို့ တခါတရံတော့လည်း စိတ်ဖိစည်း မှုများရှိလာတတ်လေသည် … သို့ရာတွင် ကျနော်မျက်နှာတချက် မမဲ့ရဲ … ကိုယ်က ယောင်္ကျားသားမဟုတ်လား … ကိုယ်မျက်နှာ ညိုလျင် ကိုယ့်ကို မီခိုအားထားသူမိန်းမသားဆိုသည်မှာကား ဘယ်နေရာမှာနေရအံနည်း … ဒီလိုနဲ့ ကျနော်လည်း စိတ်ကိုတင်းပြီး နေထိုင်လာခဲ့သည်မှာ ၃နှစ်တင်းတင်းပြည့်ခဲ့ပြီ … အလုပ်တွင်မပျော်ပိုက်သောကျနော် အလုပ်တွင်လည်း ရှိသမျှခွန်အား တပြားသားမှမကျန်အောင်လုပ်ရသေးသည် … အိမ်သူသက်ထားနှင့်က အလုပ်မတူ … ကျနော်အလုပ်ပြန်လာ သည့်အချိန်ကား ၃နာရီထိုးလုလု … မနက် ၇ နာရီတွင် အမျိုးသမီးက အလုပ်ပြီးသည် … သူ့ကိုတခါသွားကြိုရမည့် ကျနော် အိပ်လို့မဖြစ် … အိပ်ပျော်သွားမိလျင် သူပြန်လာချိန် ကျနော်ပြန်အိပ်မရတော့ … အလုပ်သွားလုကာနီးမှ အိပ်ချင်စိတ် တို့နှင့် ထိုင်းထိုင်းမှိုင်းမှိုင်း ကမူးရှူးထိုးသွားရပြန်ဦးမည် … ဒီတော့ အလုပ်ကပြန်လာလျင် ကျနော်မအိပ် … သက်ထားကို အကြိုထောက်ပြီးမှ အတူတူ အိပ်ကြသည် … ကျနော်ပဲညည်းပြ နေပြန်တော့ အိမ်သူသက်ထားအတွက်လည်း မတရားရာရောက်သည် … ကျနော်တကယ်တော့ အိမ်အလုပ် တပြားသားမှမကူ … ဖုန်တချက်မလှည်း … အမှိုက်ဖွသက်သက် … ချက်တာပြုတ်တာ လှည့်မကြည့် … အ၀တ်လျော်ဖို့ဝေလာဝေး … တခြားသော မိန်းမများဆိုလျင် ကျနော် တခုလပ်ဖြစ်တာကြာပြီ … တခုလပ်ပင် က ခြင်မှ ကမည် … အမျိုးသမီးက ညဘက် ၁၀နာရီမှ မနက် ၇ နာရီထိ အလုပ်လုပ်ရသည် … ပြန်လာသည်နှင့် ကျနော့ စားခွက်များကို ပွစိပွစိပြောရင်း ဆေးကြောသည် … ခဏတဖြုတ်နားပြီး စားစရာရှိသည်ကိုစားသည် … ခဏနေလျင်အိပ်ကြသည် … နေ့လည် ၂နာရီလောက်ဆိုလျင် သူထပြီး ချက်ပြုတ်မည် … ကျနော့ထမင်းချိုင့်ကို အဆင်သင့်လုပ် ပေးမည် … အလုပ်ဝတ်စရာများ ယူစရာများကို စားပွဲပေါ် (သို့)ကုတင်ပေါ်တွင် လွှားထားပေးမည် …

ချို လေး
အပျော်တမ်းစာရေးသူ
လက်တို့လိုက်ကြဦးနော်:
0
0

Pages: 1 2

Leave a Reply

Facebook
Google+
http://www.thesweetdiary.com/?p=1019">