e0fe9d7a6a878f0ea259cc40e8ffa528

မကျင်စိန် (သို့မဟုတ်) ယုံကြည်မှုလောက်တက်ခြင်း

မနက်စောစော အခန်းတံခါးကိုဖွင့်လိုက်တော့ အံ့အားသင့်ရပြန်ပြီ။ မြင်လိုက်ရသည်က ဘုရားစင်ပေါ်က ပန်းအိုးထဲမှာ ကန်စွန်းရွက်စည်းကြီးက တစ်လူလူထောင်လို့။

အလို… လုပ်ချလိုက်ပြန်ပြီ မကျင်စိန်။
တစ်နေ့တစ်မျိုး မရိုးရအောင်ပါပဲလား။

မကျင်စိန်ဆိုတာ တရုတ်သွေး ကရော်ကမယ်ရောစပ်ထားတဲ့ လူတွေခေါ်တဲ့ တရုတ်မ။ သွေးဟာလည်း အရောရော ယုံကြည်မှုဟာလည်းအနှောနှော။

မကျင်စိန်ဟာ ကန်စွန်းရွက်ကို ချက်ဖို့အချိန်မရလို့ ဘုရားကို အစိမ်းလိုက်ကပ်သလား။ အရှင်ဘုရား ကြော်ချင်ကြော် ချက်ချင်ချက် အဆင်ပြေသလိုလုပ်စားပါဘုရားလို့ ဆိုလိုတာလား။ ဒါမှမဟုတ် အရှင်ဘုရား ခဏသိမ်းထားပေး၊ တပည့်တော် လိုတဲ့နေ့ယူပြီးချက်လိုက်မယ် ဆိုတဲ့သဘောလား။

ဘာလား ညာလား မထင်လေနဲ့။ တကယ်က အဲဒါ ယတြာချေထားတာ။ နေ့တူနံတူသူတစ်ယောက်နဲ့ ပြသနာဖြစ်ထားတာကြာပြီ။ ပြန်လည်ပြေလည်လာပါစေတော့ရယ်လို့ ယတြာချေရတာ။

ယတြာချေတယ်ဆိုတာက မကျင်စိန်ရဲ့ဝါသနာ။ ဘာဖြစ်ဖြစ် ယတြာလေးချေလိုက်ရမှ နေသာထိုင်သာရှိတာ၊ စိတ်လုံခြုံမှုရှိတာ။ အဆင်ပြေလိမ့်မယ်လို့ယုံကြည်တယ်လေ။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အလိမ်ခံရတဲ့ကိစ္စအရေး၊ အသုံးကြမ်းတဲ့သားလေးအရေး၊ ကြီးတော်ဆီက အမွေရရေး၊ မဟုတ်တာလုပ်ထားတဲ့အရေး၊ ဘာညာသာဒကာအရေးပေါင်းစုံဟာ တစ်မျိုးမဟုတ်တစ်မျိုး အမြဲ ပြသနာတက်နေတော့ မကျင်စိန်ခမျာ ယတြာမချေရတဲ့နေ့တွေရှားလာတယ်။

ယတြာကိစ္စကလည်း မကျင်စိန်က ကျွမ်းနေပြီ။ ကျွမ်းဆို မကျင်စိန်နဲ့ယတြာက ငယ်ပေါင်း၊ လည်ပင်းဖက်ကြီးလာတာဆိုမလား။ အမြဲတမ်းဗေဒင်ကြည့်နေစရာ မလိုတော့ဘူး။ လေ့လာထားတာတွေရယ်၊ လုပ်ဖူးတဲ့အကြိမ်ပေါင်းမနည်းတာရယ် ပေါင်းတော့ ဘာအတွက်ဘယ်လိုလုပ်ရမယ်ဆိုတာ ကိုယ့်ဟာကိုတွက်တတ်လာတယ်။
ထီပေါက်ချင်ရင် ဘာတင်၊ ဘာဘယ်နှစ်ခေါက်ရွတ်….
ဒီလူ အိမ်ကမထွက်သွားစေချင်ရင် ဘာတင်..
အကြွေးကြေချင်ရင် ဘာလှူ၊ ဘာရွတ်…
စာမေးပွဲအောင်ဖို့ ဘာအရွက်ထိုး…..
ဟိုကိစ္စအတွက် ဟိုအရွက်ခြောက်ကို ဟိုနားလေးမှာထား…..
ဒါမျိုးကြုံရင် ဒီအတုံးလေးကို ဒီနားညှပ်……
အို… တတ်ပါ့ တတ်ပါ့ အကုန်လုံး ဘာခက်တာမှတ်လို့။ ယတြာချေရတာများလာတော့လည်း အကျင့်ဖြစ်ပြီး ယတြာမချေရရင်ကို မနေတတ်တော့တာ။

လက်တို့လိုက်ကြဦးနော်:
0
0

Pages: 1 2

Leave a Reply

Facebook
Google+
http://www.thesweetdiary.com/?p=1022">