လင်ပြိုင်

Screenshot_2016-06-17-10-42-27-1

သတိမထားမိသော အမှတ်တမဲ့အချိန်တွင် ကျွန်မမှာ လင်နှစ်လင်ရှိနေခဲ့သည်။ ပထမလင်နှင့်ဒုတိယလင် ဟုလည်း မဆိုသာ၊ လင်ကြီးနှင့်လင်ငယ် ဟုလည်း နှိုင်းမရ။ လင်ပြိုင်ဟုသာ သမုတ်ကြပါစို့။

လင်ပြိုင်ဆိုသည်မှာ နှစ်လင်လုံးကို တစ်ပြိုင်တည်းယူထားခြင်းသာဖြစ်သည်။ လင်နှစ်လင် ပြိုင်နေခြင်းလည်းမဟုတ်၊ တရားဝင် စာချုပ်စာတမ်းနှင့် လက်မှတ်ထိုး ယူထားခြင်းလည်းမဟုတ်ပေ။ အဆင်ပြေသလို အိမ်ပေါ်တင်ထားခြင်းသာဖြစ်သည်။ ကျွန်မကိုကား မည်သူကမှ တရားစွဲခြင်းမရှိကြ။ မျိုးစောင့်ဥပဒေသည်လည်းကောင်း၊ တစ်လင်တစ်မယားစနစ်သည်လည်းကောင်း ယောင်လို့မှ အဖက်မလုပ်ကြ။ လူတွေကလည်း အရေးတယူလုပ်၍ အတင်းမပြောကြ၊ အထူးအဆန်းလည်း မကြည့်ကြ၊ နှာခေါင်းလည်းမရှုံကြပါ။ စားဝတ်နေရေးကိစ္စရပ်များနှင့် မအားကြ၍လား၊ တရားအဆုံးမ၌ ကိန်းဝပ်နေ၍လား မဆိုနိုင်။ သတ္တဝါတစ်ခု ကံတစ်ခု မဟုတ်ပါလား။

မှတ်မိသလောက်ဆိုရသော် ထိုလင်နှစ်လင်ကို တစ်မျိုးစီချစ်သည်။ မည်သူ့ကိုပိုသည်ဟု ပြောမရ။ မတူခြင်းသဘောရှိသော လင်နှစ်လင်ကို အခြေအနေကိုလိုက်၍ တခါတရံတော့ နေရာပေးပုံခြင်းမတူတတ်ပါ။ ဆိုပါစို့ ဘိုဆန်ဆန်နာမည်ပေးလျှင် တစ်လင်ကို A နောက်တစ်လင်ကို B ။

Aကိုကား အိမ်တွင် ပလူးပလဲနေသည်က များသည်။ Bကို လူအများကြားတွင် နေရာပေးလေ့ရှိခဲ့သည်။ သို့သော် Aသည်လည်း တိတ်တိတ်ပုန်းလင်မဟုတ်သလို Bသည်လည်း ပွဲတက်လင်မဟုတ်ပြန်။ Aပွဲတက်ရသည့်ခါရှိသလို Bအိမ်တွင်းပုန်းရသည့်ခါလည်း ရှိပြန်သေးသည်။ အခြေအနေတို့သည်လည်းကောင်း၊ အချိန်အခါတို့သည်လည်းကောင်း၊ စိတ်၏ဆာလောင်မှုသည်လည်းကောင်း အလျဉ်းသင့်သလို ရွေးချယ်မိကြ၏။

ကျွန်မသည် Aနှင့် Bကို မခွဲနိုင်မခွာရက်လောက်အောင် သံယောဇဉ်မကြီး၊ ညစ်နွမ်းသောအချစ်တို့ဖြင့် မပူလောင်။ လိုအပ်လျှင် အချိန်မရွေးဖြတ်နိုင်သော၊ ငြိတွယ်ခြင်းကင်းသော သဘောဖြင့် အေးဆေးသက်သာ ငြိမ်းချမ်းစွာ နည်းနည်းနှင့်ကြာကြာချစ်လာခဲ့သည်။

Aနှင့် Bသည်လည်း ကျွန်မအပေါ် မည်သို့မျှ သဘောမထား။ သူတို့အချင်းချင်းလည်း မနာလိုခြင်း အလျဉ်းမရှိ၊ တစ်အိမ်တည်း အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသည်သာ။ ကျွန်မသည် A,Bတို့ဖြင့် ပလူပလဲနေရင်း ကိုယ့်ဘဝကို အကျေနပ်ကြီး ကျေနပ်လျက်ရှိ၏။

နောက်တစ်ချက် သဘောကျသည်မှာ A နှင့် Bတို့သည် အသုံးအဖြုန်းမကြီးကြ။ လိုအပ်သောနေရာတွင် လိုပ်သလောက်သာ သုံးကြသည်။ တင်းတိမ်ရောင့်ရဲသောသဘောထားရှိရာတွင် ကျွန်မနှင့်လာတူနေသယောင်ယောင် ရှိသည်။ ဤအချက်သည်ပင်လျှင် ရေရှည် အတူတကွ နေနိုင်သော အကြောင်းရင်းပင် ဖြစ်တော့သည်။

တစ်ခုသောကာလက Aသည် ကျွန်မကို အနှောင့်အယှက်များစွာပေးသည်။ မည်သို့သော အကြောင်းကြောင်းကြောင့် ဖြစ်ရသည်ဟု စဉ်းစားမရသော်လည်း ခွဲခွာရန်အချိန်တန်လာပြီဟု ရိပ်မိသိရှိလာခဲ့သည်။ ထို့ကြောင့် Aကို အိမ်ပေါ်မှ နှင်ချခဲ့သည်။ ဝေးနေသောကာလအတွင်း သိသိသာသာထူးခြားခြင်းမရှိသော်လည်း တခါတရံ သတိရလွမ်းဆွတ်မိပြန်သည်။ Aသည် ကျွန်မအပေါ် မည်သို့သဘောထားသည် မသိသော်လည်း ပြန်ဆုံသောနေ့က မသိလိုက်မသိဖာသာ အိမ်ပေါ်တက်လာခဲ့ပြန်သည်။ မမုန်းကြသူတို့ အတူပြန်နေဖြစ်ကြပြန်၏။ ဤတစ်ကြိမ်တွင်တော့ Aသည် ကျွန်မကို အနှေင့်အယှက်မပေးတော့ပါ။

အမှန်စင်စစ် ကျွန်မသည် A,Bတို့သာမျှနှင့် မတင်းတိမ်။ ဖြစ်နိုင်လျှင် အသစ်အဆန်းများလည်း အိမ်ပေါ်ခေါ်တင်ချင်၏။ သူတို့ကလေးများ၏ ဆွဲဆောင်မှုကိုလည်း မရှောင်နိုင်ပြန်။ သို့သော် အခြေခံလူတန်းစားကျွန်မ လင်ပေါင်းများစွာကို အိမ်ပေါ်ခေါ်တင်ထားရန် မဖြစ်နိုင်။ ထို့ကြောင့် A,B တို့သည်သာ အဓိကလင်များဖြစ်ပြီး ကျန်သည်များကို အမြှောင်အဖြစ်လည်းကောင်း၊ တိတ်တိတ်ပုန်းအဖြစ်လည်းကောင်း တခါတရံ ပျော်ပါးမိကြောင်း ဝန်ခံပါသည်။

ကျွန်မသည် မိမိဘဝကို ဖွင့်ချရာ၌ ဟုတ်တိုင်းမှန်စွာ ပြောသည်ဖြစ်ရာ စာဖတ်သူတို့အတွက် သင်ခန်းစာယူနိုင်ရန်ဖြစ်စေ၊ သံဝေဂရရန်ဖြစ်စေ တစုံတရာသော အကျိုးကိုမျှော်ကိုး၍ အထက်ပါအကြောင်းအရာကိုရေးပါသည်။

လင်အပေါင်းလည်း ငြိမ်းအေးချမ်းသာ ရှိကြပါစေ။

ခက်ဆစ်/
လင် = အသင့်ဖျော်သောက်၍ရသည့် အရည်အမျိုးမျိုး
A = ကော်ဖီ
B = လ္ဘက်ရည်

လက်တို့လိုက်ကြဦးနော်:
0
0

Leave a Reply

Facebook
Google+
http://www.thesweetdiary.com/?p=1027">